Saturday, January 11, 2014

နုတ်ဆက်ခဲ့ပြီ။



ပင့် ကူအိမ်ဖွဲ့ နေတဲ့ 
မှန်ကူကွက် အိမ်ကလေးကို
ကဗျာရေးတဲ့  လက်နဲ့  ငါ ဖျက်ခဲ့ ဖူးပြီ။

နှင်းရည်သောက်ဆဲ
ပွင့် အန်စနှင်းဆီကို အာရုဏ်ဦးမှာ
တစ်လွှာချင်းချေဖျက် ငါ ရက်စက်ခဲ့ ဖူးပြီ။

တိမ်ပန်းချီဖွဲ့ နေတဲ့ 
အပြာရောင်ကောင်းကင်ကို
မှောင်အတိဖုံးသွားအောင်
အနက်ရောင်ဆေးကြမ်းတွေနဲ့ 
ငါ ခပ်နာနာ ရေးဆွဲခဲ့ ဖူးပြီ။

အပျက်အပျက်တွေနဲ့ 
ရက်စက်ခဲ့ တဲ့ နေ့ တွေအတွက်
ငါ ဘာ ဘယ်လို ပေးဆပ်ရမလဲ။

အကောင်းဆုံးကတော့ 
ကဗျာရေးတဲ့ လက်နဲ့  အဖြူရောင်စက္ကူပေါ်မှာ
အပြာရောင်စုတ်ချက်နဲ့  ငါ ကဗျာထဲက ထွက်သွားဖို့ ပါ။

                                                                  လင်းသူရိယနွယ်။

Saturday, January 4, 2014

သူနှင့် အတူ.....

ဖျပ်ကနဲ  ကြွေ
စွယ်တော်ရွက်ရေ......
ရော်ကာနွမ်းသမို့  ခြွေလေသည်လား။

မြောက်ပြန်လေ မနှောက်သည်ပဲနှင့် 
လွမ်းနေခြည် ပြိုးပြောက်ပြောက်အောက်မှာ
ဝေဒနာ ညှာတံ ဒဏ်သင့် ပြီမို့  ကြွေလေပြီလား။

နှစ်လွှာမှာ တစ်ရွက်
တစ်ရွက်ကြွေလျှင် နှစ်လွှာပါစမြဲမို့ 
မြေခကြရပြီဆိုပါလျှင်လည်း
မင်းနှင့် ငါ  အတူတူပါပဲလေ။

ည လရောင်အောက်မှာ
ကောင်းကင်ရသတွေကို ခံစားရင်း
ရင်ခုန်ခဲ့ ဖူးတာ မင်း မမေ့ နိုင်သေးပါဘူးနော်၊
အာရုဏ်နံနက်ခင်း
နှင်းဖြူဖြူဖွေးဖွေးလေးတွေကို ပွေ့ ဖက်စော့ ကစားရင်း
နှစ်လွှာတစ်ရွက် ပေါင်းဖက်ရှင်သန်ခဲ့ တာ
မင်းမှတ်မိမှာပါကွယ်။

ဝေနေအတူတူ ဘဝ
ခွဲခွါရလျှင်လည်း  ကြွေအတူ မြေခဘဝမှာလည်း
လေနှင့် အတူ ဖုန်ထူပါစေအုံးတော့ 
မခွဲမခွါလွင့်မျောကာ နေပါရစေ   ချစ်တဲ့ သူရေ.......။             ။

                                                                              လင်းသူရိယနွယ်။

Saturday, December 28, 2013

ခံစားပွင့် ကြွေ

 

ပင်ဘုံနန်းမှာ နေရပေမင့် 
မဝေတော့ ချင်သမို့  ကြွေလိုက်ချင်ပြီ သခင်။

သခင့် ရင်ပြင်မှာ
ဟိုဟိုဒီဒီ ဖြန့် ကြဲကာပြလိုက်ချင်ရဲ့ 
ရင်တွင်းကစကား ပွင့် ကြွေတွေဆင့် ဆင့် ကြွေရင်း
သခင်မြင်လျှင်ဖြင့် 
အသည်းဇကာကွက်နဲ့  သခင့် အတွက်နှင်းဆက်ခဲ့ ချင်တယ်။

အသျှင်ရေ...
သခင်လို့ အကျွန်ခေါ်ရင်း
သခင်အလိုမကျလျှင်ဖြင့်  နင်းလိုက နင်း
ချေလိုက ချေလိုက်ပါ၊
အလိုကျလျှင်တော့ 
သခင်ဆင်မြန်း မနွမ်းသေးခင်ပေါ့ ။

ဝေစဉ်ခဏ
ကြွေအစဉ်ထာဝရဘဝမှာမို့ 
သခင့် အတွက် စောလျှင်စွာကြွေရလျှင်လည်း
နောင်ဘဝမှာ အကြွေဘဝပဲ ဆုတောင်းခဲ့ ချင်တယ်။          ။

                                                                          လင်းသူရိယနွယ်။    

                   
 

Wednesday, December 18, 2013

အိပ်မက် တစ္ဆေ


အချစ် အမုန်း
မျက်လုံးကြားမှ အသံမထွက်
ငြိမ်သက်နေလည်း.......။

နေဝင်စ
မှိုင်းပျတောင်တန်း
ရှူ့ ဖွယ်လှမ်းရင်း
လွမ်းမည် ကြံတုန်း မှောင်အတိဖုံးချိန်......။

ကြွေစ ခရေများ
မြေပေါ်ဝဲစဉ် ရင်ပြင်ပေါ်၌
ရှိုက်သံလဲ့ လဲ့  သဲ့ သဲ့ ကြားမိ
ဘယ်သူရှိမည်လဲ ဝေခွဲမရ
တွေ ဝေ စဉ်........။

ချစ်သူအနား
ဖဝါးမကွာ နေခဲ့ စဉ်က
မှာတမ်းစကား ကြားပါမည်လား
တစ္ဆေဘဝမှ ချစ်သူဆီ။             ။

                                         လင်းသူရိယနွယ် 






Friday, November 29, 2013

" လ " ကိုမျှော်တဲ့  ညရထား


တစ်နေဝင်
တစ်မိုးချူပ် ဂျူံးဂျူံးခုတ်ကာ
တစ်တောဝင်တစ်တောင်ထွက်
ညက်ညက်ခုတ်မောင်း သူ့ မျဉ်းကြောင်းမှာ
သူ ကြောင်းတစ်မျှ ရပ်မနားပဲ
လမ်းဆုံးဘူတာ ခရီးနှင်ဆဲ။

ဘူတာစဉ်တစ်လျှောက်
တစ်ထောက်နားစဉ် ခရီးနှင်မည့် 
အဆင်းမဲ့ သူ အချင်းမဲ့ သူ
လူ သူမရွှေး ဖော်ရွှေရွှင်ပြ
လို တ ခရီ:ခေါ်ဆောင်ရင်းဖြင့် 
ရှေ့ သို့ နှင်ဆဲ။

တစ်ချို့  တစ်ထောက်ခရီး
သူ မငြီးပဲ ရပ်ကာ တင်ချ
ဘူတာများနှင့်  ရင်းနှီးစဉ်ဝယ်
ခရီးမသွင် နှေးသည် မြင်ကြ
အပြစ်မြင်ကြဖြင့် ဤခရီးကိုလူသူအများ ငြီးငြူကြပြီ။

ငါ၏နား၌
အာရုဏ်မစိုက် လားရာလမ်းဆုံး
မျဉ်းပြိုင်ပခုံးမှာ ရှေ့ သာလျှောက်ရင်း
မျှော်လင့် ခြင်းဖြင့်  ည အမှောင်ဖက်လည်း
လ ရောင်ကိုမျှော်ငေးရင်း
လေညှင်းကလေးထဲမှာ လျှောက်သွားမယ်။         ။

                                                              လင်းသူရိယနွယ်


Thursday, November 28, 2013

နှင်းကိုခွင်းမယ့်  နှလုံးသားပေါ်က မြှားတစ်စင်း

နှင်း.....
မင်း လာလမ်းကလေးမှာ
ငွေဝတ်ရုံလွှာနဲ့ လွှမ်းခြုံဝင်ရောက်
တံခါးခေါက်ချိန်........။

နှင်း....
လေပြေညှင်းထဲ
ရနံ့ သင်းတဲ့ ပင်မြင့် စံနန်း
တော်ဝင်ပန်းကို နမ်းရှိုက်ပြီးမှ.......။

နှင်း ....
နံနက်ခင်းထဲ ဝေခွဲမရ
မှုန်ပျပျမှာ

မင်း အလိုကျ
နေပြရင်းနဲ့ 
လာရာလမ်းကလေး
လွမ်း တမ်းတပါစ။

ဝါးတားတားနေ့ စွဲထဲ
မင်းနဲ့ ငါ နှစ်ယောက်ခြားမှာ
မင်းဟာ  နှင်းဖြစ်ပြီး
ငါကမြှားတစ်စင်းသာဖြစ်ရင်
နှလုံးသားနဲ့ ရင်းပြီး
နံနက်ခင်းပေါင်းများစွာထဲက
ဆွဲထုတ်သွားချင်ပြီ နှင်းရေ။

ဒါပေမယ့် 
မင်းဟာ နှင်းဖြစ်ပေမယ့် 
ငါ့ ကို နှလုံးသားမဲ့ မြှားတစ်စင်းလို့ ဆိုရင်လည်း
ရင်အပူလောင်မြှိုက်ခံစားရင်း
ဒီဘဝမှာတော့ 
နှင်းရယ်.....
ဝေးကြရပြီပေါ့ ။             

ဒီတော့ ......
နှလုံးသားအဖွဲ့ အနွဲ့ ထဲမှာ
နှစ်ယောက်တစ်ကမ္ဘာ မခြားရလေအောင်
ကဲ .....မြှားတော်ကို ပစ်ကာခွင်းမယ်
မင်းနဲ့ ငါ
ထာဝရပေါင်းစပ်ရပြီပေါ့ ။                 ။


                                                  လင်းသူရိယနွယ် 
                                  










Saturday, November 23, 2013

ချယ်ရီမြေအတွက် တစ်ခန်းရပ်ပြဇာတ်တစ်ပုဒ်


ကောင်းကင်ကမှိုင်းပြန်တော့ 
ငယ်စိတ်ကယိမ်းယိုင် ဒယီးဒယိုင်
အတွေးတွေငေးငိုင်ပေါ့ 
စိတ်ကိုသာ ခိုင် ခိုင်ထားရတယ်
လာလမ်းဆီက ပန်းမြိုင်လယ် ဥယျာဉ်ဆီကို
ဘယ်အခါ မေ့ ရနိုင်မည်ပါ့ ။

လွမ်းသလား
ပန်းဖျားက ပျားတစ်ကောင်အသွင်နဲ့ 
နန်း ဆံပင်ဖားဖားဖားလေးမှာ
လမ်းသလားရင်း ချစ်ခွန်းတွေဆိုချင်သေးတာပေါ့ ။

နွမ်းနေရော့ မလား
စိန်ပန်းတွေ လှိုင်လှိုင်ပွင့် နေမယ့် 
ယခုချိန်ကာလမျိုးမှာ
တီတီတာတာငှက်မောင်နှံလေးတွေကို
နန်းရယ်.....
မင်းနဲ့ ငါနှစ်ယောက်
ငေးမောရင်း ခပ်လှမ်းလှမ်းဆီက
ဆင်သေတောင်တန်းကြီးအောက်
ငုတ်လျှိုးပျောက်ကွယ်တော့ မယ့် 
နေမင်းကြီးကို တိုင်တည်ရင်း
နေ့ အသစ်ရဲ့ နံနက်ခင်းကို
အကောင်းဆုံးမျှော်လင့် ခြင်းတွေ မွေးဖွါးပေးဖို့ 
တိုင်တည်ခဲ့ ဖူးကြတယ် နော်
ကိုယ်တော့  နွမ်းတယ် လွမ်းတယ် နန်းရယ်။

နန်းရယ်.....
အလွမ်းကို တံတားခင်းရင်
မိုင်တွေ ရှည်လျားလိမ့် မယ် ထင်တယ်။
 ဒီလိုပဲ......
အလွမ်းတွေကို ဝေဒနာဖွဲ့ ရင်
စာမျက်နှာပေါင်း ထောင်သောင်းမက
အခန်းဆက်တွေနဲ့ 
စာဖတ်သူတွေကို နှိပ်စက်သလိုဖြစ်နေရော့ မယ်။

အိပ်မရခဲ့ တဲ့ ညတွေမှာ
ရယ်စရာအနှောတွေနဲ့ 
တစ်ထောင့် တစ်ညပုံပြင်ထက်
ရှည်ကြာလွန်းတဲ့ ရောက်တတ်ရာရာ
ဘဝအမောတွေပြောရင်း
အာရုဏ်ဦးအလင်းထဲ ဆွဲသွင်း
မင်းနဲ့ ငါ
အမ်ပီတီကွန်နက်ရှင်ကို
နှိပ်စက်ရင်း ညများစွာကိုနံနက်ခင်းနဲ့ လဲလှယ်ခဲ့ ဖူးကြတယ်နော်။

ကောင်းကင်ပေါ်စိတ်ကူးနဲ့ လျှောက်တဲ့ ည
မင်း သတိရအုံးမယ်ဆိုရင်
 " လ "ကို တိမ်ဖုံးတဲ့ တစ်ည
အဲ့ ဒီညက တန်ဆောင်မုန်းလပြည့် ညဖြစ်ခဲ့ ဖူးတယ်ကွဲ့ ။
" လ " ကို တိမ်ဖုံးချိန်
မင်းနဲ့ ငါ အတူကြည့် ရင်း
"လ"ကို တူနှစ်ကိုယ်ရှာဖူးခဲ့ တယ်နော်၊
ပြီးတော့ .....
ရေးရေးနဲ့ နှေးနှေး
ဖြည်းဖြည်းချင်း " လ "ခပ်ပျပျမှာ
မင်းနဲ့ ငါ သာယာခဲ့ သလို
ည ကမ္ဘာတစ်ခုလုံးဟာလည်း
သာယာခဲ့ ဖူးပါတယ်နော်။

လွမ်းလည်းလွမ်းရသလို
နွမ်းလည်း နွမ်းရပါပြီကွယ်။
ဒါပေမယ့် ..... နန်း
အိမ်အပြန် လမ်းမှာတော့ 
စိန်ပန်းတွေလည်းမြိုင်
ချယ်ရီ ခိုင်တွေလည်း လှိုင်နေပေမယ့် 
နှစ်တစ်ရာ ပြက္ခဒိန်မှာ
မင်းကတော့  ရိပ်သာခရီး
ငါ့ မှာတော့  သောကမြေးတွေနဲ့ 
ရယ်စရာ တစ်ခန်းရပ် ပြဇါတ်တစ်ပုဒ်ထဲမှာ
ကဲ ..ဇါတ်ဆရာရေ...
ကန့် လန့် ကာလေးကိုချ။           ။


                                                 လင်းသူရိယနွယ်